ပေါင်ဝန်ဥယျာဥ် (Pao Wun Garden)

မြပတ္တမြားဥယျာဥ်ပန်းခြံ၊ မြကန်ဘဲလှေစခန်းကျော်လာပါက စက္ကူပန်းပင်တန်းကို မြင်ရပါပြီ။ ယင်းနေရာသည် ပေါင်ဝန်ဥယျာဥ် အစပျိုးရာ နေရာဖြစ်သည်။ စက္ကူပင်တန်းဖြတ်သန်းလာတဲ့အခါ ပေါင်ဝန်ဥယျာဥ်မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်နှင့်အတူ မင်းသမီးနှစ်ပါးရုပ်တုက ကြိုဆိုနှုတ်ခွန်းဆက်နေသည်ကို တွေ့မြင်နိုင်ပါသည်။ မင်းသမီးရုပ်တု ညာဘက်တွင် ယာဥ်ရပ်နားရာနေရာသို့သွားသည့် လမ်းလေးအားတွေ့မြင်နိုင်သည်။ မင်းသမီးရုပ်တုနေရာမှ ပန်းရုံများအောက် လမ်းတလျှောက် လမ်းလျှောက်ရင်း ဓါတ်ပုံရိုက်နိုင်ပါသည်။

ပန်းရုံအဆုံးတွင် ပေါင်ဝန်တံတား ဆိုင်းဘုတ်နှင့်အတူ ပေါင်ဝန်တံတားအဝင်ဝ မုခ်ဦးအား မြင်တွေ့ရပါမည်။ ပေါင်ဝန်သစ်သားတံတားတလျှောက် လမ်းလျှောက်လျှင် ရေတက်ချိန်နှင့် ရေကျချိန် မတူညီသော ခံစားချက်ရရှိမည်ဖြစ်ကာ တံငါသည်အဘိုးအိုနှင့် တိရစ္ဆာန်ရုပ်တုလေးများအား မြင်တွေ့နိုင်ပါမည်။ ဒီရေတောအလှနောက်ခံထား၍ ကွေ့ကောက်နေသော သစ်သားတံတားအလှဖြင့် အလှဓါတ်ပုံရိုက်သူတို့ကို ပိုမိုလှပစေသည့် ဓါတ်ပုံရရှိအောင် ထောက်ပံ့နေသဖြင့် မော်ဒယ်လှလှလေးများ ပေါ်ထွက်နေသည့်နေရာတစ်ခု ဖြစ်ပါသည်။

မုခ်ဦး အနီးတွင် ရခိုင်မောင်နှံ ရုပ်တု တည်ရှိပြီး ကွန်ကရစ်လမ်းလေးအတိုင်း ဘယ်‌ကွေ့လိုက်သည်နှင့် ဓါတ်ပုံရိုက်ရန် လှပသည့် သစ်သားထိုင်ခုံစက္ကူပန်းရုံ အားတွေ့မြင်ရကာ ဆက်လျှောက်လာပါက တံတား၏ တစ်ဘက်ခြမ်းတွင် အပါချီရုပ်ပြောင်ရုပ်တုနှင့် ရေသူမ ရုပ်တုအား တွေ့မြင်နိုင်ပါသည်။ ကွန်ကရစ်လမ်းအတိုင်း ရေသူမရုပ်တုဆီ ဆင်းမသွားဘဲ ညာဘက်လျှောက်ရင်ဖြင့် အားကစားကွင်းနှင့် ပေါင်ဝန်စားသောက်ဆိုင် ရောက်ရှိမည်ဖြစ်ပါသည်။

ပေါင်ဝန်တံတားအဝင်ဝမှ ရခိုင်မောင်နှမကို အပေါ်လမ်းအတိုင်း ဖြတ်သွားပါက ဆင်ရုပ်တုရေပန်း အဝိုင်းရောက်ရှိမည်ဖြစ်ပါသည်။ ဆင်ရုပ်တုရေပန်းအဝိုင်းနှင့် စားသောက်ဆိုင်အကြားတွင် ဒေါင်းရုပ်တုနှစ်ခုရှိကာ အလှဓါတ်ပုံရိုက်ကူးနိုင်ပါသည်။ ပေါင်ဝန်တံတားအဝင်ဝမှ ရခိုင်မောင်နှမကို အောက်လမ်းအတိုင်း ဖြတ်သွားပါက လှေကားထစ်များ မြင်တွေ့နိုင်ပြီး ယင်းအပေါ်တွင် ပိုးတုံးလုံးနှစ်ကောင်ရုပ်တုနှင့် သမင်မိသားစုရုပ်တုတို့ကို တွေ့မြင်နိုင်ကာ ကလေးများသဘောကျနှစ်ခြိုက်ကြသည့် ဓါတ်ပုံရိုက်ရန် နေရာကောင်းလေးတစ်ခုဖြစ်ပါသည်။ ဆင်ရုပ်တုရေပန်းအဝိုင်းအား ပတ်၍ ပေါင်ဝန်ဥယျာဥ်တောင် ကျောက်နံရံပေါ် တက်ရန် ကျောက်လှေကားကြီးအား တွေ့မြင်နိုင်ပြီး လှေကား ၃ ဆိုင်းဖြင့် ဖွဲ့စည်းကာ Emerald Ruby Garden စာလုံးနှင့်အတူ ပေါင်ဝန်မင်းသမီးရုပ်တုနောက်ခံထား၍ ကျောက်လှေကားတလျှောက် ကျောက်တိုင်များပေါ်တွင် တင်ထားသော စက္ကူပန်းရောင်စုံအလှဖြင့် စိတ်ကြိုက်ဓါတ်ပုံများ ဖန်တီးနိုင်ပါသည်။

ပေါင်ဝန်မင်းသမီးရုပ်တုကြီးအနောက်ဘက် တောင်ထိပ်နေရာတွင် ဟော်လိုနန်းတော်မျှော်စင်အား တွေ့မြင်နိုင်ပြီး နောင်တွင် ရခိုင်ရိုးရာ မင်္ဂလာစည်တော်ထားရှိရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။ မျှော်စင်ပေါ်တက်ရောက် ပါက ပင်လယ်ကမ်းခြေနှင့် တောင်ပေါ်မှ ဆီးမြင်ရသည့် မြင်ကွင်းကျယ်ကြီးက အားရကျေနပ်ဖွယ်ရာပင်။ ကောင်းကင်၊ တောင်တန်း၊ ပင်လယ်၊ မြစ်ချောင်း၊ ရေကန်နှင့် ဒီ‌ရေတောသဘာဝအလှတို့အား တပြိုင်နက် စုပေါင်းခံစားနိုင်သည့်နေရာဖြစ်ပါသည်။

တောင်ပေါ်မျှော်စင်မှဆင်းလာပါက လှေဦးပုံဒါန်းအား ဘယ်ဘက်တွင်လည်းကောင်း၊ ဆွမ်းခံဆွမ်းလောင်းနေသည့် ဆွမ်းတော်ရုပ်တုများအား ညာဘက်တွင်လည်းကောင်း အမှတ်တရဓါတ်ပုံများ ရိုက်ကူးနိုင်ပါသည်။ တောင်ကမ်းပါး ယံပေါ်က ဝါးဖြင့် ပြုလုပ်ထားသော အသဲပုံဖရိန်နေရာသည်လည်း ပေါင်ဝန်တံတားနောက်ခံဖြင့် လူကြိုက်များ သော ဓါတ်ပုံရိုက်ရာနေရာကောင်းတစ်ခုဖြစ်ပါသည်။ တောင်ပေါ်က ဆင်းလာပြီးနောက် အပြန်ပန်းရုံမုခ်ဦးတွင် နှုတ်ခွန်းဆက်သပါ၏ ဆိုင်းဘုတ်ဖြင့် အမှတ်တရ ဓါတ်ပုံများ ရိုက်ကူးနိုင်ပါကြောင်း လမ်းညွှန်လိုက်ရပါသည်။






Leave a Reply

Your email address will not be published. Required fields are marked *